ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ

ကန်ကြီးထောင့် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါတွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲနိုင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်း‌ရေးမှူး ရဲမှူးစိုးကြည်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်၊ ဒုမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးကျော်ဆင့်နှင့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများအား နိုင်ငံတော်‌အေးချမ်း သာယာ‌ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဦးထုပ် ဆောင်းစေရေး၊ မိမိတို့နေအိမ်အလိုက်သန့်ရှင်းရေးများဆောင်ရွက်ရေး၊  Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင့်ဖွင့်ချိန် အမီ ကျောင်းသားမိဘများမှ ကျောင်းအပ်နှံနိုင်ရေးနှင့် ပြည်သူ့စစ်မှုထမ်ဥပ‌ဒေဆိုင်ရာကိစ္စရပ်များ အား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာလက်ကမ်းစာစောင်များအား လက်ဝယ်အရောက်ဖြန့်ဝေ ပေးခဲ့ကြရာ ဝါးဒူးကျေးရွာအုပ်စုနှင့် ကျုံပဒုတ်ကျေးရွာအုပ်စုရှိကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက်ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ရပ်ရွာအတွင်း ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား တင်ပြလာမှုအပေါ် သက်ဆိုင်ရာဌာနများမှ နယ်မြေကွင်းဆင်းစိစစ်၍ ဘတ်ဂျက်အလိုက်၊ ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအစီအစဉ်များရေးဆွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

ကျော်ဇင်စိုး(ပြန်/ဆက်)