ကြံခင်း မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ သစ်တောသစ်ပင်များကို ချစ်မြတ်နိုးတတ်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် သဘာဝသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရေးလုပ်ငန်းများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့၊ သစ်ဆိမ့်ကိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (အ.လ.က) သစ်ဆိမ့်ကိုင်းကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက သစ်တော သစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးဌာန (မြို့မ) ဘိနယ်တောအုပ်ကြီး ဦးမျိုးမင်းဇော်က သစ်တောများမှ ပေးစွမ်းသော အကျိုးကျေးဇူးများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးဆိုင်ရာ များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီးနောက် ကျောင်းသား/သူများအား ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးဆိုင်ရာအချက်များနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ကြသည်။ ဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသနေပြည်သူ (၁၁၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)