ဟုမ္မလင်း မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၁) ဟုမ္မလင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း အဖွင့်စကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးချစ်ငွေက ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အခမဲ့ပညာရေးနှင့် ပတ်သတ်ပြီးဆောင်ရွက်နေမှုများ၊ ကျောင်းအပ်နှံရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နာက် နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောင်ပင်များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်း များသို့ အသီးသီးထောက်ပံ့ပေအပ်ခဲ့ပြီး ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းလေတပ်စခန်း ဌာနချုပ်တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ခရိုင်ပညာရေးမှူး ဦးချစ်ငွေ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)