လက်ပံတန်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့၀င် (၂) ဦးထွန်းမြိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဥမ္မာဦးက မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်းနှင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ် ၃၀၉၈၄ စုံ၊ ၀တ်စုံ ၂၄၁၅၇ စုံ၊ ဗလာစာအုပ် ၃၂၅၀၀ ဒါဇင်၊ ခဲတံ ၁၁၇၂၂ ဒါဇင်၊ ဘောပင် ၂၀၇၁ ဒါဇင်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်များနှင့် တာ၀န်ရှိသူများက ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းသား/သူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၀၇ ကျောင်းရှိရာ ယနေ့ထိ ကျောင်းအပ်ပြီးစီးမှုအခြေအနေမှာ မူလတန်းအဆင့် ၂၀၆၇၁ ဦး၊ အလယ်တန်းအဆင့် ၆၉၃၁ ဦး၊ အထက်တန်းအဆင့် ၁၈၉၅ ဦး စုစုပေါင်း ၃၀၄၉၉ ဦး အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
မျိုးမင်းထွန်း