ကျိုက်လတ် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က-(၁) ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆို၍ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်က "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံမှုများနှင့်ပတ်သက်၍ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးထင်အောင်ကျော်တို့က ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူကျောင်းအုပ်ဆရာ၊ ဆရာမကြီးများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပြီး၊ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)