ပေါက်ခေါင်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်နဝင်းရေလှောင်တမံဆည်နှင့် မြောက်နဝင်းရေလှောင်တမံဆည်ရေများဖြင့် နှစ်စဉ်နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက သီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်ဖြန့်ဝေပေးပြီး စိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
" အခုနှစ်နွေစပါး (၅) ဧကစရိတ်ပါတယ်၊ ရိတ်သိမ်းခြွေလှေ့ခ တစ်ဧကကို တစ်သိန်းနှစ်သောင်းပေးရတယ် ခုနှစ်စပါးမျိုးကတော့ ရတနာတိုး စပါးမျိုးစိုက်ထားပြီး၊ ခုစပါးဈေးလက်ရှိပေါက်ဈေးက စပါးအစိုတင်းတစ်ရာကို ပေါက်ဈေးကျပ် (၁၅)သိန်းကိုးသောင်းထိ ဈေးရပါတယ်၊ နွေစပါးနဲ့မိုးစပါးမှာ နွေစပါးကို ပိုပြီးတော့ အားထားစိုက်တယ်၊ ရေမပြတ်ဘူးဆိုရင် အထွက်နှုန်းလည်း ပိုကောင်းပါတယ် "ဟု နွေစပါးစိုက်ပျိုးသည့် တောင်သူ ဦးမြင့်ဌေးက ပြောကြားသည်။ လက်ရှိအချိန်တွင် စပါးဈေးများ ကောင်းမွန်လာခြင်းတို့ကြောင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါး (၁၁၄၄၆) ဧက စိုက်ပျိုးထားရှိပြီး မေလ (၂၉) ရက်နေ့အထိ နွေစပါး (၅၁၀) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)