ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျောက်တံခါး မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်  ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာများအား အခြေခံပညာကျောင်းများသို့ ပေးအပ်ခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)