မြဝတီ မေ ၃၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ယနေ့နံနက်၈နာရီက ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒုတိယပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားပေးပြီး ကြီးကြပ်မှုကော်မတီနာယက ဦးမြင့်ဦီး (မြို့နယ်ပညာရေးမှူး-ငြိမ်း)က ကျောင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများနှင့် အလှူရှင်မဟာမင်္ဂလဓမ္မမဏိဇောတဓရ ဦးစောတင်ဝင်း ဇနီး သီရိသုဓမ္မသင်္ဂီ ဒေါ်နန်းမြင့်မြင့်ဝင်း (ရွှေမြစ်သောင်ရင်းကုမ္ပဏီမိသားစု)မှ လှူဒါန်းပေးသည့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်၅၀၀၀၊ ကွန်ပါဗူး ၅၀၀၀ တို့အား တစ်ဦးချင်းအလိုက် ခွဲဝေထောက်ပံ့ပေးအပ်သည်။
မြဝတီမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၆ ကျောင်း စုစုပေါင်း ၇၉ ကျောင်းတို့၌ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို မေ၂၃ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)