ပန်းတောင်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း)မဥ္ဇူသကခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးသန်းလွင်၊ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ မြို့နယ်ပညာရေးမှူးဆရာကြီးဦးသိန်းဒန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေး၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/သူများ စုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို အ.ထ.က(ပန်းတောင်း) ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးသန်းလွင်က ပညာသင်ကြားခြင်းသည် ကလေးများ၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် ပညာရေးမြှင့်တင်မှုကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “ကျောင်းနေအရွယ်ကလေး အားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အတွင်း ကျောင်းသား/သူများ လက်ခံရရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနက ကျောင်းသား/သူများအတွက် အခမဲ့ပေးအပ်သောပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်များအား ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံပေးအပ်ခဲ့ပြီး အ.ထ.က (ပန်းတောင်း) ကျောင်းသား/သူ လေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်က ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)