ချောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ချောက် မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က   အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ​ချောက်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်း​ဖြင့် သီဆိုဖွင့်လှစ်​ပေးခဲ့​သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအေးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးမန်းအောင်က ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ကျောင်းသား/ ကျောင်းသူများအား အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများပေးအပ်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နိုင်ငံတော်အဆင့်အထက်တန်း လူရည်ချွန်ဆုရရှိသော Grade-10 ကျောင်းသား မောင်စွမ်းပြည့်စုံနှင့် အလယ်တန်းလူရည်ချွန်ဆုရရှိသော Grade-9 ကျောင်းသူမခင်ကျော့ကျော့စံတို့အား ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)