ဖျာပုံမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဖျာပုံ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၃) ကျောင်း မြမဉ္ဇူခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က (၃) ကျောင်းသား၊ကျောင်းသူကလေးများက"မြန်မာ့ကျောင်းသီချင်း"ဖြင့် သီဆို ဖျော်ဖြေကြပြီးဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်၊ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်တို့က အဖွင့်အမှာစကားပြောကြားကြသည်။ထို့နောက် ဖျာပုံမြို့နယ်ပညာရေးမှူး ဆရာကြီးဦးထွန်းလွင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြိုနယ်အတွင်း ကျောင်းအပ်လက်ခံဆောင်ရွက်ထားရှိမှုနှင့် အခြေခံပညာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ " ဟုသောဆောင်ပုဒ်နှင့်အညီ ပညာရေးဌာန၏ရည်မှန်းချက်၊ ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် NFPE ကျောင်းပြင်ပပညာရေး ကျောင်းသား၊ ကျောင်းသူများအတွက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ဇနီးဒေါ်ခင်စန္ဒာဦးတို့မှ ဝတ်စုံဖိုးငွေကျပ် (၁၀) သိန်းအား ထောက်ပံ့ပေးအပ်ရာ NFPE တိုင်းကြီးကြပ်ရေးမှူးဆရာကြီး ဦးသန်းဌေးကလက်ခံရယူသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ ခရိုင်မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ကိုယ်ပိုင်ကျောင်းများမှထောက်ပံ့လှူဒါန်းသော ဗလာစာအုပ်များအား ပေးအပ်ရာသက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
ထိုနောက် NFPF တိုင်းကြီးကြပ်ရေးမှူး ဆရာကြီးဦးသန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးအဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများတက်ရောက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)