ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကသာ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက်(၇) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက ယနေ့တွင် ကသာမြို့ ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်းနှင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ ကသာမြို့နယ်အတွင်းရှိ ဝန်ထမ်းများအား (၁၈)ကြိမ်၊ ဒေသခံပြည်သူ (၂၄)ကြိမ်၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (၁)ကြိမ်၊ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ (၃) ကြိမ် စုစုပေါင်း (၄၆) ကြိမ် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၁) ပိဿာကို ငွေကျပ် ၆၉၀၀ နှုန်းဖြင့် ဒေသခံပြည်သူများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ စားအုန်းဆီ ရောင်းချပေးနေမှုကို ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး နိုင်ဝင်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       

ကျော်စွာထွန်း(ကသာ)