လပွတ္တာ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ရေဆိုင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကိုလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လပွတ္တာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဆန်းဦး ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများကရေဆိုင်ကျေးရွာ အုပ်စုသို့ကွင်းဆင်း၍ မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက် (၁၀) နှစ် ပြည့်ပြီးသူနှင့် အသက် (၁၈) နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအားကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့် (Biometric) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခဲ့ကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများသို့ သက်ဆိုင်ရာတိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးက သိရသည်။
မူမူ