ကသာ မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်၍ စိုက်ပျိုးသူဒေသခံပြည်သူများအနေဖြင့် ဝင်ငွေတိုးပွားလျက်ရှိသည်။
မိုးမကျမီ မေလတွင် တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများသည် လှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရရှိ သကဲ့သို့ ဒေသခံပြည်သူများသာမက လူအများကြိုက်နှစ်သက်သော ရာသီပေါ်သီးနှံတစ်မျိုး ဖြစ်သည်။ ကသာမြို့နယ်အတွင်းရှိ မိဿလင်းရွာ၊ တုံးပေါရွာ၊ နလယ်အင်းရွာ၊ကပ္ပလိပ်ရွာ၊ ပေါမမြိုင်ရွာတို့တွင် အများအပြား စီးပွားဖြစ်စိုက်ပျိုးကြသကဲ့သို့ မြို့ပေါ်ရှိရပ်ကွက်များ၊ ဘုန်းတော်ကြီးကျောင်းများတို့တွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ အဆိုပါ တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးပင်ကို ကိုင်းဆက်ကူးစိုက်ပျိုးပါက (၃)နှစ်အတွင်း အသီးသီးသည်။ အစေ့ကို စိုက်သောအပင်များမှာ (၇)နှစ်အကြာမှ အသီးစတင်သီးသည်။ ထို့ကြောင့် စိုက်ပျိုးသူများအနေဖြင့် ကိုင်းဆက်ပျိုးပင်ကိုသာ စိုက်ပျိုးကြလေ့ရှိပြီး အသီးသီးပြီးပါက ဇီးကိုင်းများကို ထင်းအဖြစ်အသုံးပြုနိုင်၍ စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေလည်းရ ထင်းလည်းရသည့် နှစ်ရှည်သီးနှံပင်ဖြစ်သည်။
တရုတ်ဇီးသီး(ခေါ်) လိုင်ချီးသီးများသည် အသီးစတင်ပေါ်ချိန်တွင် အလုံး(၃၀)ပါတစ်တွဲကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး အသီးများလှိုင်လှိုင်ပေါသည့် အချိန်တွင် တစ်တွဲလျှင် ၇၀၀ ကျပ်နှုန်းသာ ရောင်းချရသည်။ အသီးပေါ်ချိန်သည် ရက်သတ္တ နှစ်ပတ်မှ သုံးပတ်အတွင်းသာ အချိန်တိုတောင်းသည့်အတွက် စားသုံးသူများအနေဖြင့် အသီးပေါ်ချိန်တွင် နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြသကဲ့သို့ ရပ်ဝေးမှမိသားစုဝင်များ၊ မိတ်ဆွေများထံ လက်ဆောင်များ ပေးပို့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်