ဖလမ်း နိုဝင်ဘာ ၁၁
ဖလမ်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသိန်းဦး က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ တလွန်ကျုံးထန် က ကိုဗစ်-၁၉ ကာကွယ်နိုင်ရေး ကျန်းမာရေးဌာန၏ ဆောင်ရွက်မှု လုပ်ငန်းများကိုလည်းကောင်း၊ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်း ဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆက်လက်ဆွေးနွေးခဲ့ ကြသည်။
အစည်းအဝေးတွင် ဖလမ်းမြို့၊ ပျံကျစျေးအား လူစုလူဝေး မဖြစ်ပေါ်စေရေး မူလရောင်းချစေသည့် ဟရန်ထီးယို ဘောလုံးကွင်း၌ ဆက်လက်ရောင်းချစေရန်၊ ကလေးမြို့မှ တက်လာသူများကို ခိုင်ကမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးရန်၊ ဝေဘူလမြို့ဖက်မှ တက်လာသူများကို ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးရန်၊ ကိုဗစ်-၁၉ ကာလ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ဆက်လက်ရောင်းချစေရန်၊ စည်းကမ်းလိုက်နာ ခြင်းမရှိသည့် စားသောက်ဆိုင် များကို အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်းသိရသည်။
ဂျွန်