သံတောင်ကြီး မေ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ သက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေနှင့်နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးပင်များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် ယခုနှစ်ဒူးရင်းသီးများ အသီးကင်းလေးများအထွက်နှုန်းကောင်းသော်လည်း လေပြင်းကျရောက်သည့်အတွက် အသီးအကင်းလေးများ ကြွေကျသဖြင့် ရင့်မှည့်ချိန်တွင် အထွက်နှုန်းလျော့နည်းကြောင်း သိရသည်။ သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများမှာ လူကြိုက်များ၍ နှစ်စဉ်ရောင်းဝယ်မှုများ အားကောင်းလျက်ရှိကြောင်းနှင့် ဒူးရင်းသီးများကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းများရရှိပြီး ဒူးရင်းသီး(၁)လုံးလျှင် ကျပ်(၁၂၀၀၀) မှ ကျပ်(၈၀၀၀) အထိရရှိကြောင်း ဒူးရင်းသီးစိုက်တောင်သူ ဦးစောသာဝါးထံက သိရသည်။
နော်နော်မူ