ပုသိမ် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုနှင့် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်ရာတွင် တိုင်းဒေသကြီး၏ ရေမြေနှင့်ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ကြောင်း၊ စမ်းသပ်မောင်းနှင်၍ လိုအပ်ချက်များကိုလည်း တစ်ပါတည်းပြုပြင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်အသုံးပြုပါက ကြဲခင်းစနစ်များကိုလည်း လျော့နည်းပပျောက်သွားစေမည် ဖြစ်ပါကြောင်း၊ တောင်သူများအတွက် အကျိုးပြုမည့် လက်ဆွဲကောက်စိုက်စက်များ အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက တိုင်းဒေသကြီးအတွင်း အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်” မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာ အထက်ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား အားပေးစကားများ ပြောကြားခဲ့ကာ တာဝန်ရှိသူများအား ကျောင်းစတင်အပ်နှံသည့်နေ့မှ နေ့အလိုက် ကျောင်းလာရောက်အပ်နှံမှု အခြေအနေများ၊ ရည်မှန်းကျောင်းသားဦးရေ အတိုင်းပြည့်မီအောင် အပ်နှံနိုင်မှုအခြေအနေများအား မေးမြန်းခဲ့ပြီး ကျောင်းအတွင်း၊ အပြင်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေး၊ ကျောင်းသား ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှု မရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ အပ်နှံရန်ကျန်ရှိသူများရှိပါက အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)