ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး မေ ၃၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ကျင်းပပြုရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်ခေါင်းဆောင်ကောင်းများ သားကောင်းရတနာများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးသွားရမှာဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည်မြင့်မားစေရေး ဘက်ပေါင်းစုံမှ ဆက်လက်ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က အခြေခံပညာအထက်တန်း/ အလယ်တန်း၊ မူလတန်းနှင့် မူလတန်းကြိုပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ ဝန်ထမ်းမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းမိသားစုများ၊ လုံခြုံရေးဝန်ထမ်းမိသားစုများမှ အဆင့်မြင့်ပညာသင်ကြားနေသည့် ကျောင်းသား/သူ()ဦး၊ အထက်တန်းပညာသင်ကြားနေသူ(၂၀)ဦး၊ အလယ်တန်းပညာသင်ကြားနေသူ(၁၅)ဦး၊ မူလတန်းပညာသင်ကြားနေသူ(၅၁)ဦးနှင့် မူလတန်းကြိုပညာသင်ကြားနေသူ(၁၆)ဦး စုစုပေါင်းကျောင်းသား/သူ(၁၀၉)ဦးအတွက် ကျောင်းသုံးဗလာစာအုပ်(၁၃၄)ဒါဇင်၊ ဘောပင်(၄၂)ဘူး၊ ခဲတံဘူး(၆၇)ဘူးနှင့် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)