ကန့်ဘလူ မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ၂၂,၀၁၄ ဧကစိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလ တတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါး ၂၂,၀၁၄ ဧကစိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများက စနစ်တကျပူးပေါင်း ဆောင်ရွက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နွေစပါးများအောင်မြင်ဖြစ်ထွန်းပြီး စပါးအထွက်နှုန်းကောင်းစေဖို့ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံတောင်သူတွေအနေနှင့် နွေစပါးကိုအခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက သွင်းအားစုတွေကို ပံ့ပိုးပေးထားကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် စနစ်တကျသုံးစွဲကြရန် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ နွေစပါးကို တစ်ဧက တင်း ၁၀၀ ထိထွက်ရှိနိုင်စေရန် ဆောင်ရွက်စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်ကပြောသည်။
ကန့်ဘလူမြို့နယ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများကို အဓိကစိုက်ပျိုးခဲ့ကြောင်းနှင့် ယခုနှစ် နွေစပါး အထွက်ကောင်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)