သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

သံတောင်ကြီး မေ ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်   မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမင်းစိုးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးက ပညာရေးကဏ္ဍသည် အရေးကြီးဆုံးသောကဏ္ဍတစ်ခုဖြစ်ပြီး ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရန်အတွက် မိဘဆရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့   ကျောင်းအပ်နှံကြပါစို့” ဆိုသည့်အတိုင်း ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဒေသတွင်းရှိ အဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းမှ ဆရာတော်များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများ၊ ဘာသာရေးဆရာတော်များက ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ