ထားဝယ် မေ ၃၀
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ထားဝယ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသီချင်း”ဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က ပညာရေးကဏ္ဍအား နိုင်ငံတကာအဆင့်မီတိုးတက်မြင့်မားလာအောင် မြှင့်တင်ဆောင်ရွက်ပေးရမှာဖြစ်သလို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့" ဆိုသည် ဆောင်ပုဒ်နှင့်အညီ အမျိုးသားပညာရည်မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူကြရမှာဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ တစ်နိုင်ငံလုံးရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် အသိပညာ “Knowledge”ဖြစ်ကြောင်း၊ လူတိုင်းအတွက် အကြုံးဝင်သည့် ပညာရေးဖြစ်သော “Inclusive Education" အစီအစဉ်ဖြင့် ကိုယ်စိတ်ချို့တဲ့နေသည့် ကလေးများအား စိတ်ရှည်ရှည်ထားပြီး လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင် ပညာသင်ကြားပေးကြရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်များအားလုံး ကျောင်းသို့ရောက်ရှိပြီး ပညာသင်ယူခွင့်ရရှိရေး ကျောင်းထွက်နှုန်းမရှိစေဘဲ အတန်းစဉ်အလိုက် ကျောင်းနေမြဲရေးအတွက် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဟူသော ဆောင်ပုဒ်နဲ့အညီ ထားဝယ်မြို့နယ် ပညာရေးဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘပြည်သူများ၊ တာဝန်ရှိဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မေသိန်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်နှင့်တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းဆင့်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံများ ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများက အခမ်းအနားကို “ဇာတိမာန်သီချင်း” ဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)