ကန့်ဘလူမြို့နယ်တွင် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော သီးနှံမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးရန် စိုက်ပျိုးသွားမည်

ကန့်ဘလူ မေ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မျိုးသန့်ခြံ၌ ကျေးလက်ဒေသနေတောင်သူ လယ်သမားများအတွက် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်း ကောင်းမွန်သော မျိုးသန့်မျိုးပွားမျိုးများကို ဖြန့်ဖြူးပေးနိုင်ရန် ဇွန်လဒုတိယပတ်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမျိုးသန့်ခြံ ကွင်းစခန်းအမှတ်(၁)တွင် နေကြာ ၂၅ ဧကနှင့်ပဲစင်းငုံဧက ၁၀၀ စုစုပေါင်းမျိုးစေ့ထုတ် ဧက ၁၂၅ ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ၎င်းမျိုးများကို ဒေသတောင်သူလယ် သမားများအတွက် မျိုးသန့်မျိုးပွားမျိုးအဆင့်ရရှိအောင် စိုက်ပျိုးပြီးမှ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကန့်ဘလူမျိုးသန့်ခြံ ဦးစီးအရာရှိ ဦးခင်မောင်လင်း၏ ပြောကြားချက်အရသိရသည်။

အဆိုပါမျိုးသန့်ခြံမှ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ဒေသနှင့်လိုက်လျောညီထွေရှိသည့် အရည်အငွေးကောင်း သီးနှံမျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မျိုးစေ့အရည်အ သွေးထိန်းသိမ်းခြင်း၊ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများကျင်းပပြီး တောင်သူများအား နည်းပညာပေးခြင်း၊ ဒေသနှင့်ကိုက်ညီပြီး တောင်သူများအတွက် စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံပုံစံများ ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ပြီး ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ ဒေသရေမြေနှင့်ကိုက်ညီသည့် သီးနှံများကို စိုက်ပျိုးသည့်အခါ အဆင်ပြေစေရန် နှစ်စဥ်စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမျိုးသန့်ခြံ၌ စိုက်ပျိုးထုတ်လုပ်မည့်မျိုးများသည် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော မျိုးသန့်မျိုးပွားမျိုးစေ့များဖြစ်ပြီး ၎င်းမျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏ သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ဝင်ငွေတိုးတက်ရရှိ စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)