သဲကုန်းမြို့နယ်၌ မကူးစက်တတ်သောရောဂါများအား (အပတ်စဉ်)ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

သဲကုန်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း (အခမဲ့)စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဝင်းသီတာက တီဘီရောဂါနှင့်ပတ်သတ်သည့် ဆောင်ရန်ရှောင်ရန်အချက်များ၊ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ တီဘီရောဂါမဖြစ်ပွားရန် ကာကွယ်ကုသနိုင်သောနည်းလမ်းများ၊ တီဘီရောဂါဖြစ်ပွားပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေး၀န်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုရောဂါအတွက် သွေးဖောက်စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ သွေးတိုး၊ နှလုံး၊ ဆီးချိုဝေဒနာရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် သွားရောက်စမ်းသပ်၍ ဆေးကုသမှုခံယူခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)