ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ကျင်းပ

ဘားအံ မေ ၃၀

၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက များများလေ့ကျင့်၊ များများယှဉ်ပြိုင်၊ အောင်မြင်မှုပန်းတိုင် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးခြင်းအားဖြင့် အားကစားသမားများ လေ့ကျင့်သားပြည့်ဝလာကာ ပြိုင်ပွဲအတွေ့အကြုံများ ရင့်ကျက်၍ အောင်မြင်မှုများရရှိလာနိုင်မည် ဖြစ်ကြောင်း၊  အားကစားသမားများအနေဖြင့် မိမိတို့ ကိုယ်စားပြုမြို့နယ်အသင်းအောင်နိုင်ရေးအတွက် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုအပ်မည်ဖြစ်ပြီး ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ဖူဆယ်အားကစားနည်းဖြင့် ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် စားကြစေလိုကြောင်းတိုက်တွန်းပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၇)သင်းမှ အမျိုးသား၊ အမျိုးသမီးအားကစားသမား ၁၄၀ ဦးတို့သည် အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ပြည်နယ်ဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက အမျိုးသားဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ်အသင်းနှင့် မြဝတီမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်များတွင် ဘားအံမြို့နယ် အမျိုးသားဖူဆယ်အသင်းက ၆ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ကော့ကရိတ်မြို့နယ် အမျိုးသမီးဖူဆယ်အသင်းက ၁၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း  အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)