စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (အလုံ) ၌ ‌ကျောင်းအပ်နှံနေမှုများအားကြည့်ရှုအားပေး

မုံရွာ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (အလုံ) သို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းနှင့် အခြေခံပညာအဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောပင်များနှင့် ခဲတံများအား ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်း အတွင်းရှိ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိရာ သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ပြီး အလျား - ၁၂၀ ပေ၊ အနံ - ၃၀ ပေ၊ RC ၂ ထပ်ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        

တိုင်းဒေသကြီး (ပြန်/ဆက်)