ပခုက္ကူမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပခုက္ကူ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ကြပြီး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ကထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များက လွှဲပြောင်းပေးအပ်ရာ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာ၊ ဆရာမများက လက်ခံရယူကြသည်။

ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် အထက်တန်းအဆင့် (၄၇၉၅)ဦး၊ အလယ်တန်းအဆင့် (၉၇၁၆)ဦး၊ မူလတန်းအဆင့် (၃၃၀၆၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၇၅၇၅)ဦး ကျောင်းအပ်လက်ခံရယူလျက်ရှိပြီး နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေမြဲရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး၊ ပညာရည်တိုးတက်မြင့်မားရေးတို့အတွက် မိဘ၊ ဆရာ၊ ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဦးသောင်းနိုင်က ပြောကြားခဲ့သည်။

ဘာမီသာ(ပခုက္ကူ)