ကျွန်းစု မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ဗိုလ်လုပွဲကို အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ကဘင်းချောင်းအသင်းနှင့် ကပအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ကဘင်းချောင်းအသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကတ္တလူအသင်းနှင့် အမှတ် ၄ (က) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကတ္တလူအသင်းက (၆ - ၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။
ထိုနောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ဆုရရှိသည့်အသင်းများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမဆုရရှိသောအသင်းများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသား (၉)သင်း၊ အမျိုးသမီး (၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)