တောင်ငူ မေ ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမောင်ဉာဏ်သစ် ရေးသားထားသည့် “ အသိတရားနှင့်ဘဝကိုထုဆစ်ခြင်း " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယက(၂)ဦးမြသိန်းက “အစစ်အမှန်နဲ့ အရိပ်အယောင်” ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးသည်။
ထို့နောက် Book Club ဥက္ကဋ္ဌ စာရေးဆရာမောင်ယဥ်ထွေး(တက္ကသိုလ်)က “ဘယ်ပေတံနဲ့တိုင်းမလဲ” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ အဖွဲ့ဝင်ပန်းချီဆရာဦးစိုးမြင့်လေးက “ မတ်တပ်စာ၊ တုံးလုံးစာ” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ Women Club အဖွဲ့ဝင် ဒေါ်ပွင့်ဖြူစင်သက်က “မသေချာမှုကိုလွန်မြောက်၍” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက “သိခြင်းသုံးပါး ပိုင်းခြားရှုမြင်” ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယက(၂) ဦးမြသိန်းကဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။
တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ခြင်းဖြင့်အသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)