ဂန့်ဂေါ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ် ကျောင်းသား/သူလေးများကို အရည်အသွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများဖြစ်ပေါ်လာစေရေး၊ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းအပ်နှုန်း၊ ကျောင်းနေနှုန်းမြင့်မားလာစေရး၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ရေး စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းက ကျောင်းသား/သူများအပ်နှံလာမှုနှင့် ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြား၍ မြို့နယ်အတွင်း ထက်၊ လယ်၊ မူ ကျောင်းပေါင်း (၂၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး မေလ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ စုစုပေါင်း ကျောင်းသား/သူ (၅၇၇၉)ဦးအပ်နှံခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်မှ ထောက်ပံ့လှူဒါန်းထားသော ထက်၊ လယ်၊ မူ ကျောင်းသုံးဖတ်စာအုပ်များ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာသင်ခန်းများပြင်ဆင်ထားရှိမှုအခြေအနေ၊ ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှထောက်ပံ့လှူဒါန်းထားသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များ၊ နှာခေါင်းစည်းများနှင့် ကျောင်းဝတ်စုံများအား မြို့နယ်အတွင်းရှိ ကျောင်းများသို့ အချိန်မီ ပို့ဆောင်ပြီးစီးမှုအခြေအနေများအား လိုက်လံစစ်ဆေးဆွေးနွေးပြောကြားခဲ့ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဗီနိုင်းရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)