စေတုတ္တရာ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် စေတုတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က ကျောင်းအပ်နှံရေးသီတင်းပတ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်ပေးအပ်ခဲ့ပြီးနောက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် သီဆိုကပြဖျော်ဖြေခဲ့ကြသော အ.ထ.က၊ အ.လ.က ခွဲ အမှတ်(၁)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက ဂုဏ်ပြုငွေများ ချီးမြှင့်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)