သရက်မြို့၌ မျိုးနေကြာ အထူးဇုန်နှင့် မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သရက် မေ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မျိုးနေကြာအထူးဇုန်နှင့် မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်အနားကျင်းပခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာမှာ သရက်မြို့နယ်မှာ ဆီထွက်သီးနှံအနေဖြင့် နှမ်း၊ မြေပဲ တို့ကို အဓိကစိုက်ပျိုးလေ့ရှိပြီး စားသုံးဆီ ဖူလုံရေးနှင့် ပိုလျှံလာပါက ရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိရေးတို့အတွက် နေကြာသီးနှံကိုလည်း စိုက်ပျိုးဆောင်ရွက်ရမည်ဟု ပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်နေအောင်က မျိုးစေ့ထုတ်ဧရိယာများတွင် လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆေးနွေးပေးခဲ့သည်။

ထို့နောက် နေကြာမျိုးစေ့ထုတ် (၂၂) ဧက၊ နေကြာတိုးချဲ့စိုက် (၃၀) ဧကတို့အတွက် နေကြာမျိုးစေ့များပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမှူးတို့ တောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)