တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားရိုးရာပြခန်းအဆောက်အဦနှင့် (MSME) အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ကော့သောင်း မေ ၃၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်အတူ မေ ၂၉ရက်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ရှိ တိုင်းရင်းသားရိုးရာပြခန်းအဆောက်အဦသို့ သွားရောက်ကြည့်ရှု၍ အဆောက်အဦပြင်ဆင်မွမ်းမံရန်နှင့် တိုင်းရင်းသားရိုးရာပြခန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်တို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကော့သောင်းမြို့ရှိ (MSME) အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ‌ရွှေပြည်စိုးကျေးရွာရှိ နမ့်ခုံးကနု၊ ကမာနှင့်ခရုမျိုးစုံ လက်မှုအလှကုန်လုပ်ငန်းသို့ သွားရောက်၍ ရေထွက်ကနု၊ ကမာခွံကုန်ကြမ်းများမှ လက်မှုအလှကုန်ပစ္စည်းများ အဆင့်ဆင့်ပြုလုပ်နေသည့် လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက်  ကနု၊ ကမာနှင့် ခရုမျိုးစုံဖြင့် ပြုလုပ်ထားသော လက်မှုလူသုံးကုန်၊ အလှကုန်ပစ္စည်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ ခင်းကျင်းပြသထားရှိမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)