နတ်မောက်မြို့နယ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ရေမြောင်းများအား ကွင်းဆင်းကြည့်ရှု

နတ်မောက် မေ ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ လမ်း၊ တံတား၊ ရေမြောင်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မိမိမြို့နယ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ပွားမှုများ မဖြစ်ပေါ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေတို့အတွက် အလေးထားဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရေသွားလာမှုအား တိုးချဲ့ပိတ်ဆို့ထားမှုအပေါ် ဖယ်ရှား၍ ရေစီးရေလာကောင်းမွန်သည့် မြေသားရေနုတ်မြောင်းများကို အဖွဲ့ပိုင်စက်ယန္တရားဖြင့် တူးဖော်ပြီး ရေပြွန်ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ရေမြောင်းနှင့် ရေထိန်းနံရံလုပ်ငန်းများဆောင်ရွက်ရေးနှင့် မိုးရွာသွန်းမှုကြောင့် မြေသားတမံရေကျော်မှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှဝင်း