နတ်မောက် မေ ၃၀
မကွေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျေးရွာအတွင်းရှိ ကျောင်းသား/သူများနှင့် အနီးပတ်ဝန်းကျင်ရှိ ကျောင်းသား/သူများအား နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်ကြားခြင်းဖြင့် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ်စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်စေရန် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပြီး ယဉ်ကျေးလိမ္မာစေရေး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်၊ ဩကာသကန်တော့ကျိုး၊ ငါးပါးသီလတောင်းခံပုံ၊ ကိုယ်ကျင့်သီလဆောက်တည်မှု၊ လောကလူမှုရေးကျင့်ဝတ်တရားများ၊ အရွယ်သုံးပါးဘဝနေနည်း၊ မင်္ဂလာကျင့်စဉ်များ၊ မေတ္တာနှင့်မေတ္တာပို့သနည်း စသည့်ယဉ်ကျေးမှုဆိုင်ရာများကို သင်ကြားပေးလျက်ရှိသည်။
ကြူအိုင်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းဖွင့်ရာသီရောက်ရှိပြီဖြစ်၍ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲပြုလုပ်ပြီး သင်တန်းကာလတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ကျောင်းအကျိုးတော်ဆောင်များနှင့် စေတနာရှင်အလှူရှင်များက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မူမူစန်း