ချောက် မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၏ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်း အစီအစဥ်ဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီ အချိန်က ချောက်မြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ကွင်းဆင်းကုသမှုပေးရာတွင် ဆေးရုံအုပ်ကြီးဦးဆောင်သော ပါမောက္ခဆီးချိုအထူးကု၊ တွဲဖက်ပါမောက္ခကင်ဆာဆေးကု၊ တွဲဖက်ပါမောက္ခနား၊ နှာခေါင်းလည်ချောင်းအထူးကု၊ အရိုးခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ ခွဲစိတ်အထူးကု ကွင်းဆင်းအဖွဲ့များနှင့်အတူ ချောက်မြို့နယ်ဆေးရုံနှင့် ရေနံဆေးရုံတို့မှ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ အထွေထွေအထူးကုသမားတော်၊ ဓါတ်မှန်ဆရာဝန်နှင့် သွားဆရာဝန်အပါအဝင် လက်ထောက်ဆရာဝန်များပူးပေါင်း၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝေဖြိုးဇော်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအေးမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက လာရောက်ပြီးလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆေးကုသရာတွင် အထွေထွေလူနာ(၂၉၁)ဦး၊ ခွဲစိတ်လူနာ (၃၈)ဦး၊ သားဖွားမီးယပ်လူနာ(၄၈)ဦး၊ ကလေးလူနာ(၁၇)ဦး၊ အရိုးအကြောလူနာ(၃၈၀) ဦး၊ သွားလူနာ(၃)ဦး၊ မျက်စိလူနာ(၂၆၈)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ(၁၁၄) ဦး၊ ကင်ဆာဆေးကု(၇)ဦး၊ ဆီးချိုလူနာ(၄၀)ဦး စုစုပေါင်းလူနာ(၁၂၀၆) ဦးကို အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)