မင်းဘူး မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၈ ရက်နေ့ နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မင်းဘူးမြို့ အ.ထ.က(၁)မှ G-9 ကျောင်းသူလေး မမြတ်ဥဆွေက “ကောင်းခြင်းမင်္ဂလာ” သီချင်းဖြင့်ကပြ၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မင်းဘူးမြို့ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်က ကျောင်းအပ်နှံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ခဲ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်နှင့် ခဲတံတို့ကို ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)