မင်းဘူး မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မေလ ၂၂ ရက်နေ့မှစတင်ပြီး မုန်တိုင်းအရှိန်ကြောင့် သီးနှံစိုက်ကွင်းအနှံ့အပြားတွင် မိုးရွာသွန်းမှုနှင့်အတူ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးဦးသီးနှံများကို မိုးကောင်းသောက်လယ်ယာမြေများ၌ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများက မိုးကောင်းသောက်လယ်ယာမြေများ၌ မိုးဦးသီးနှံအဖြစ် နှမ်းနှင့် မြေပဲသီးနှံ စိုက်ခင်းများအတွင်း ပဲစဉ်းငုံသီးနှံကို သီးညှပ်စိုက်ပုံစံ အလှည့်ကျစနစ်ဖြင့် အများဆုံးစိုက်ပျိုးလေ့ရှိပြီး မိုးစပါး၊ မိုးချည်မျှင်ရှည်ဝါ၊ နေကြာ၊ ပဲတီစိမ်းနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ ယခုနှစ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်ရေး အထူးဇုန်လုပ်ငန်းအဖြစ် မိုးနှမ်းကို ဧက ၄၀၀၀၀ ၊ မိုးမြေပဲကို ၁၁၆၆၉ ဧကနှင့် မိုးနေကြာကို ဧက ၃၀၀၀ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံစိုက်ခင်းများတွင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် သီးနှံစိုက်ပျိုးမှုပုံစံ မှန်ကန်စေရေးအတွက် သီးနှံစိုက်ပျိုးမှုအဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဇယားကားချပ်များဖြင့် တောင်သူများအား အသိပညာပေးရှင်းလင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ပြောကြားခဲ့သည်။
“မိုးကောင်းသောက် ယာမြေဆိုတော့ မိုးရွာတုန်း ဦးအောင်စိုက်ပျိုးကြရတာ။ တောင်သူအားလုံးက ယာလုပ်ငန်းခွင်ဝင်တဲ့ အချိန်ကာလတူကြတော့ မိုးပွင့်တာနဲ့ တပြိုင်တည်းနီးပါး စိုက်ပျိုးကြတဲ့အခါ လုပ်သားလိုအပ်ချက်နဲ့ လယ်ယာသုံးစက်ကိရိယာ (ထွန်စက်)လိုအပ်ချက် အခက်အခဲ့တော့ ရှိပါတယ်။ တောင်သူတွေက ကိုယ့်မိသားစုလုပ်အားနဲ့ ပင်တိုင်အလုပ်သမားလုပ်အားကိုပဲ အားကိုးနေကြရတာပေါ့။ နှမ်းစိုက်တဲ့အခါ တစ်ဧကကို နှမ်းမျိုးစေ့နှစ်ပြည်ခန့် ကုန်ကျပြီးတော့ နှမ်းစိုက်ပြီးလို ရက်ပေါင်း ၉၀ နဲ့ ၁၀၀ ကြားမှာ စတင်နှုတ်သိမ်းရတယ်။ မိုးလေဝသကောင်းပြီး ရာသီဥတုမှန်ရင် နှမ်းအမျိုးအစားအပေါ်မူတည်ကာ တစ်ဧကကို ၁၂ တင်းခန့် ထွက်ရှိပြီးတော့ တောင်သူအများစုက ဈေးကောင်းရရှိတဲ့ စမုံနက်ကိုပဲ ဦးစားပေး စိုက်ပျိုးကြတာပါ။ ပြီးခဲ့တဲ့နှစ်က သီးနှံပေါ်ချိန် စမုံနက်နဲ့ ပဲစဉ်းငုံကတော့ ပြန်လည်ရောင်းချချိန်မှာ ဈေးကောင်းရရှိခဲ့ပါတယ်” ဟု မင်းဘူး(စကု)မြို့နယ် ကမ်းနီကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးသောင်းမြင့်က ပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်မိုးဖြင့် မိုးသီးနှံများကို တစ်နယ်လုံး စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ အထွက်နှုန်းတိုးတက်ရေးနှင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးတို့အတွက် မိုးဆီထွက်သီးနှံအဖြစ် နှမ်း၊ မြေပဲ၊ နေကြာ သီးနှံများကို ဧကပေါင်း ၅၄၆၆၉ ဧက စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)