စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှ သန်း(၉၁၀၀)ကျော် သုံးစွဲလုပ်ဆောင်သွားမည်

မုံရွာ နိုဝင်ဘာ ၁၁

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်း များကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေနှင့် အရေးပေါ်ရန်ပုံငွေတို့မှ ကျပ်(၉၁၅၀) သန်း အသုံးပြုပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်(၁၀)ခုရှိ မြစ်ချောင်းများတွင်  ကမ်းစပ်များအနီး တည်ရှိသောကျေးရွာများ၊ စိုက်ပျိုးမြေများပျက်စီးမှုမှ ကာကွယ်နိုင်ရန်နှင့် ရေကြီးရေလျှံမှုများ လျော့ချနိုင်ရန်အတွက်  လုပ်ငန်း(၆၂)ခုဖြင့် မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းတွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရန်ပုံ ငွေကနေ အကုန်အကျခံ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်၊ လုပ်ငန်းတွေအားလုံးကိုတော့ တင်ဒါစနစ်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းတွေကို အခု ဘဏ္ဍာရေးနှစ်မှာ လုပ်ဆောင်နိုင်ဖို့ အတွက် တင်ဒါခေါ်ယူနိုင်ဖို့အတွက် နိုင်ငံပိုင် သတင်းစာ တွေကနေ အသိပေးတာတွေလုပ်ပြီးပြီ၊ လျှောက်ထားလိုတဲ့ လုပ်ငန်းရှင် တွေအနေနဲ့ ကျွန်တော် တို့ဌာနမှာ လျှောက်လွှာတွေ လာရောက်ထုတ်ယူနေကြပါပြီ ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးထက်ဇော်ဦး ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ပေးမှုအနေဖြင့် စစ်ကိုင်းခရိုင်အတွင်း လုပ်ငန်း (၆)ခုအား လည်းကောင်း၊ မုံရွာခရိုင်အတွင်း လုပ်ငန်း(၁)ခုအားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း လုပ်ငန်း(၇)ခုအားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း လုပ်ငန်း (၇)ခုအားလည်းကောင်း၊ ကသာခရိုင်အတွင်း လုပ်ငန်း (၁၀)ခုအားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း လုပ်ငန်း(၂) ခု အားလည်းကောင်း၊ ကလေးခရိုင်အတွင်း လုပ်ငန်း(၁၁)ခုအား လည်းကောင်း၊ တမူးခရိုင် အတွင်း လုပ်ငန်း(၄)ခုအားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း လုပ်ငန်း (၈)ခုအား လည်းကောင်း၊ ခန္တီးခရိုင်အတွင်း လုပ်ငန်း (၅) ခုအားလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေဖြင့်လုပ်ငန်း(၁)ခုအား လည်းကောင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)