မြိတ် မေ ၃၀
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ (ရွှေဒူးဥယျာဉ်ခြံ)သို့ ရောက်ရှိခဲ့ကြပြီး မြိတ်ခရိုင်အတွင်း ကော်ဖီတိုးချဲ့စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများအား ကော်ဖီပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးက မြိတ်ခရိုင်အတွင်း ကော်ဖီပျိုးပင်များ မြိုနယ်များအလိုက် ပျိုးထောင်ထားရှိမှုအခြေအနေများနှင့် ယခုနှစ်မိုးရာသီတွင် ကော်ဖီစိုက်ပျိုးနိုင်ရန် စိုက်ဧက(၉၀၀)ကျော်တွင် တောင်သူ(၃၇၃)ဦးမှ စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က နှစ်ရှည်သီးနှံ၊ ရာဘာ၊ ကွမ်းသီးကြားတွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတည်း ဝင်ငွေရရှိခြင်းထက် ဝင်ငွေပိုမိုရရှိပြီး တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန် အခမဲ့ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ တောင်သူများ ဝင်ငွေတိုးစေရန် အမှန်တကယ်စိုက်ပျိုးပြီး ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားသည်။
ထိုနောက် ဝန်ကြီးချုပ်က တောင်သူများအား ကော်ဖီပျိုးပင်များကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများနှင့် မြိတ်ခရိုင် ကော်ဖီလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်များအား အားပေးစကားများ ပြောကြား၍ ရွှေဒူးဥယျာဉ်ခြံအတွင်း ပျိုးထောင်ထားရှိပြီး တောင်သူများအား အခမဲ့ဖြန့်ဝေပေးမည့် ကော်ဖီပျိုးပင်များနှင့် ကိုကိုးပျိုးပင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြိတ်ခရိုင်အတွင်း တောင်သူများအား နှစ်ရှည်သီးနှံပင်ဖြစ်သည့် ရာဘာ၊ ကွမ်းသီး၊ သီဟိုဠ်ပင်များအကြားတွင် ကော်ဖီပင်များ ထည့်သွင်းတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေများဖြင့် မြိတ်ခရိုင်တွင် ကော်ဖီပင်စိုက်ဧက (၉၁၉)ဧကတွင် ကော်ဖီပျိုးပင်(၃၉၃၂၀၀)ပင် တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များကို တောင်သူများအား အခမဲ့ဖြန့်ဝေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)