ပွင့်ဖြူ မေ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခြင်းကို မေလ ၂၃ ရက်နေ့မှစပြီး ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အခြေခံပညာ(ထက်၊ လယ်၊ မူ) ကျောင်းသား ကျောင်းသူ စုစုပေါင်းဦးရေ ၂၅၅၉၅ ဦး ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)
 
     
     
     
    