ငဖဲ မေ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် မေလ ၂၃ ရက်နေ့ ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ကျောင်းသား ကျောင်းသူ (၈၆၁၁)ဦး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြသူ ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသောအတန်းလိုက် ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်းဝတ်စုံတစ်စုံစီကို မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ်တစ်ဒါဇင်နှင့် ခဲတံ(၂)ချောင်း၊ ဘောလ်ပင်(၂)ချောင်းစီကို အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား အခမဲ့ပေးအပ်သည်။
ငဖဲမြို့နယ်တွင် အထက်တန်းကျောင်း(၃)ကျောင်း၊ အ.ထ.က(ခွဲ)(၄)ကျောင်း၊ အ.လ.က(၅)ကျောင်း၊ အ.လ.က(ခွဲ) ၁၁ ကျောင်း၊ မူလွန်(၁၄)ကျောင်း၊ အ.မ.က (၃၅) ကျောင်း ၊ အ.မ.က(ခွဲ) ၁၁ ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း(၈၇)ကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ထိ မူလတန်းဆင့် (၅၆၉၈)ဦး၊ အလယ်တန်းဆင့်(၂၁၅၇)ဦးနှင့် အထက်တန်းဆင့်(၇၅၆)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၈၆၁၁)ဦး ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မယု(ငဖဲ)
 
     
    