ကော့ကရိတ်မြို့  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကေ့ာကရိတ် မေ ၂၉

ကရင်ပြည်နယ်၊‌ ကော့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉း၀၀ နာရီ အချိန်က ကေ့ာကရိတ်မြို့နယ် အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟိန်းထက်ဇော်က ​ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရးနှင့် နိုင်ငံ တစ်နိုင်ငံတိုးတက်စေရန်အတွက် ပညာရေးမြှင့်မားမှုသည် နိုင်ငံတော်တည်ဆောက်ရေး၏ ရင်းနှီး မြှုပ်နှံမှုပင်ဖြစ်ကြောင်း ပညာသင်ကြားရေးကို မနှောက်ယှက်ရန် တားဆီးကာကွယ်ရမည် ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက ပညာရည်မြင့်မား၍ တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိသော နိုင်ငံတိုင်းသည် တိုးတက်မှုမြန်ဆန်ကြောင်း တိုးတက်သည့် နိုင်ငံတိုင်းကို လေ့လာစမ်းစစ်ပါက ပညာရေမြင့်မား၍ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း ကလေးများ ပညာရည် မြင့်မားစေရန်အတွက် ဆရာ/ဆရာများ အခန်းကဏ္ဍသည် တန်ဖိုးရှိ၍ အသိပညာရှင် အတတ်ပညာရှင် ကလေးများအား မွေးထုတ်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ကော့ကရိတ်ခရိုင် ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုး‌‌ဆွေတို့က Grade အတန်းအလိုက် ကျောင်းအပ်နှံပေးမှု အခြေအနေများ မြို့နယ်ပညာရေးမှူး (ပူးတွဲ) ဦးအောင်သိန်းက မြို့နယ် အတွင်း မေလ၂၃ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်ဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက နိုင်ငံတော်မှ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများအား ထောက်ပံ့ပေးအပ်ကာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)