တောင်တွင်းကြီး အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက် အဦသစ်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၆)ဦးသည် သတ်မှတ်ရက် (၁၁)ရက်စောင့်ကြည့်ကုသပြီးဖြစ်၍ ယမန်နေ့နေ့လယ် (၁၁:၃၀)နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါလူနာများမှာ ထန်းပင်တဲကျေးရွာမှ(၁)ဦး၊ သစ်ပုတ်ကုန်းကျေးရွာမှ(၂)ဦး၊ တက်ပုအောင်း ကျေးရွာမှ(၁)ဦး၊ အောင်မြင်သာကျေးရွာမှ(၁)ဦး၊ ပျားတု(ရှေ့)ကျေးရွာမှ(၁)ဦးတို့ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားသည့် ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုကာနေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေ ထိုင်ရမည ်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတာ၀န်ရှိသူများက အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ဆေးရုံဆင်းသူ(၆)ဦးအား ထန်းပင်ကုန်းကျေးရွာ မေတ္တာကရုဏာ လူမှုကူညီရေးအသင်း မော်တော်ယာဉ်၊အုန်းတော(၂)ရပ်ကွက် ကလျာဏသုခ လူမှုကူညီရေးအသင်း မော်တော် ယာဉ်များဖြင့် အုပ်ချုပ်ရေးဌာန အဖွဲ့အစည်း တာဝန်ရှိသူများ ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ကြီးကြပ်ကာ ၄င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည် ။
ယနေ့အထိ တောင်တွင်းကြီးမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၈၆)ဦးရှိပြီဖြစ်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ(၈၂)ဦးနှင့် ဆေးရုံတွင် စောင့်ကြည့်ကုသဆဲအဖြစ် ပရပ်ကြယ်တိုက်နယ် ဆေးရုံ( အဆောက်အဦသစ်)တွင်(၃)ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်(၁)ဦး စုစုပေါင်း (၄)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)