သာယာဝတီမြို့နယ်၌ စပါးမျိုး​စေ့ချကိရိယာ (Drum Seeder)​ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သာယာဝတီ မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲနိုင်ရန် စက်မှုလယ်ယာဦးစီးဌာနမှ ထုတ်လုပ်သည့် ဒေသနှင့်ကိုက်ညီသော စပါးမျိုး​စေ့ချကိရိယာ (Drum Seeder ) ပေးအပ်ပွဲအခမ်းအနားကို အမှတ် (၁၄) စက်မှု လယ်ယာစခန်း၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက အမှာစကားပြောကြားပြီး အမှတ် (၁၄) စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သူက စပါးမျိုး​စေ့ချကိရိယာ (Drum Seeder)​ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက Drum Seeder မျိုး​စေ့ချကိရိယာ (၇၀) လုံးအား ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။

တောင်သူများအနေဖြင့် အဆိုပါမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့နှုန်းထားသက်သာခြင်း၊ လုပ်သားအင်အား သက်သာခြင်း၊ အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းမြက်နှင့် ရောဂါပိုးမွှားများ အလွယ်တကူနှိမ်နင်းနိုင်ခြင်းနှင့် အပင်ပြုစုရာတွင် ပိုမိုအဆင်ပြေ၍ အထွက်နှုန်းပိုများခြင်း စသည့်အကျိုးများရရှိစေနိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)