အထက်မင်းလှ မေ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ဆီထွက်သီးနှံအထူးဇုန်စိုက်ပျိုးရေး၊ မိုးသီးနှံလျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများက အုပ်စု(၄)စုဖွဲ့၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ရွာသစ်ကျေးရွာ၊ ထန်းကိုင်းကျေးရွာ၊ ကုန်းကြီးကျေးရွာနှင့် ညောင်ပင်သာကျေးရွာများသို့ ရောက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မိုးဦးကာလမိုးသီးနှံများနှင့် ဆီထွက်သီးနှံအထူးဇုန်ဧကများ ပြည့်မီအောင်စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး၊ စိုက်ပျိုးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တစ်ဧကအပင်ဦးရေပြည့်မီရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ အပင်သက်တမ်းအလိုက်သားခွဲပေါင်းနှုတ်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွာသစ်ကျေးရွာတွင် သစ်တောစိုက်ခင်းပြုလုပ်မည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး သစ်ပင်များအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လုပ်ငန်းများ ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)
 
     
    