မော်လိုက် မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၈ ရက်နေ့ နံနက် (၉) နာရီအချိန်က မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမ၌ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အုပ်ထိန်းသူမိဘများတက်ရောက် ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို အ.ထ.ကကျောင်းမှ အထက်တန်း ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းအား သံပြိုင်သီဆို၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ရှေးဦးစွာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ပညာရေးသည်အလွန်အရေးပါသည့် ကဏ္ဍတစ်ခုတွင်ပါဝင်ကြောင်း၊ ပညာမြင့်မှ နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့်ရရှိသည့် ကလေးငယ်များအားလုံး ပညာသင်ယူရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှအခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးပြီး ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ပညာရေးစနစ်သစ်အတွက် သင်ထောက်ကူပစ္စည်း များကို ဖြန့်ဝေပေးထားပါကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် အတွေ့အကြုံဗဟုသုတနှင့် သင်ခန်းစာများကို ကျွမ်းကျင်မှုရှိရန်လိုအပ်ပြီး စေတနာ၊ ဂရုဏာ၊ ဝါသနာ နာသုံးနာအပြည့်ဖြင့် သင်ကြားပြသပေးစေလိုပါကြောင်းပြောကြားသွားသည်။ထို့နောက်ခရိုင်ပညာရေးမှူး ဒေါ်မာမာအေးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နော်ဥမ္မာတုပ်က ကျောင်းဖွင့်ရာသီတွင် ဆရာ/ဆရာမများက သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြသည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ဆရာ/ဆရာမ များကလက်ခံရယူကြသည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းကို သံပြိုင်သီဆိုကြပြီး အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)
 
    