ရေဦး မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်အခြေခံပညာဦးစီးဌာနက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် အခြေခံပညာသင်ယူနိုင်ရေး ရည်ရွယ်ကျင်းပသော ကျောင်းအပ်နံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမဆောင်သစ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးကျော်စိုးက ၂၀၂၄ -၂၀၂၅ ခုနှစ်ပညာသင်နှစ်အတွက် နိုင်ငံတော်ကချမှတ်ထားသည့် ပညာရေးမျှော်မှန်းချက်များနှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေးအတွက် ကျောင်းသားမိဘဆရာ သုံးနားညီတည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံးသည် နိုင်ငံ့အတွက်အားထားရမည့် အနာဂတ်မျိုးဆက်သစ် ရတနာလေးများပင်ဖြစ်၍ မိဘဆရာတိုင်းက ပြုစုပျိုးထောင်ပေးကြရန် တာ၀န်ရှိကြောင်းနှင့်အခြေခံပညာ သူငယ်တန်း (KG) တန်းအတွက်ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံး လေ့ကျင့်ရေးပုံနှိပ်စာအုပ် (၄) အုပ်နှင့် ခဲတံ (၄) ချောင်း၊ ကျောင်း၀တ်စုံ (၁) စုံနှုန်း ၊ အခြေခံပညာပထမတန်းမှ ပဉ္စမတန်းအထိ ကျောင်းသားများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ကျောင်း၀တ်စုံ (၁) စုံနှင့် ခဲတံ (၄) ချောင်း၊ အခြေခံပညာ ဆဌမတန်းမှ ဒွါဒသမတန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင် (၂) ချောင်းနှင့်ခဲတံ (၂) ချောင်း နှုန်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုဘဲ အခမဲ့ပညာရေးစနစ်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်း၀တ်စုံများကို ကျောင်းသားကျောင်းသူများအား အသီးသီးထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)
 
    