သဲကုန်း မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ခင်မာဆွေက တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအားဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၁၅၂) ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ဧက (၈၆၂) ဧကအတွက် ငွေကျပ် (၁၂၉,၃၀၀,၀၀၀) ကို ထုတ်ချေးပေးခဲ့သည်။
သဲကုန်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မှစတင်ထုတ်ချေးပေးလျက်ရှိပြီး ယခင် ၂၀၂၃ မိုးရာသီချေးငွေကြေပေးဆပ်သူ တောင်သူကြီးများကို ဦးစွာထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၃ အုပ်စုသို့ ငွေကျပ်သိန်းပေါင်း ( ၇၀၀,၀၀၀) ကျော်ကို ထုတ်ချေးပေးရန်လျာထားလျက်ရှိပြီး မေလ မှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)
 
    