ဘုတ်ပြင်း မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက နိုင်ငံသူနိုင်ငံသားတိုင်း အနိမ့်ဆုံးအဆင့်အလယ်တန်းပညာ(Grade-9)ပြီးဆုံးရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီရက်များမှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်တော့မှာဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေးအတွက် အဆင့်ဆင်သောပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ စုစည်းပူးပေါင်းပြီး ကျောင်းအပ်နှံရေးနှုန်း မြင့်မားတိုးတက်အောင် အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုနှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။
ဘုတ်ပြင်းမြို့အတွင်းရှိ အခြခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းများကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ဆောင်ရွက်ပေးလျက်ရှိရာ KG မှ Grade-5 အထိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Grade-6 မှ Grade-12 အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့်ကျောင်းသုံးပုံနှိပ်စာအုပ်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)
 
    