မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက်ရရှိရေး အထူးဇုန်အလိုက်သတ်မှတ်ပြီး သီးနှံမျိုးစေ့များ အခမဲ့ ဖြန့်ဖြူးပေးထား

မင်းဘူး မေ ၂၉

မကွေးတိုင်းဒေသကြီး၏ ဆီအိုးကြီးသဖွယ် အဓိက အားကိုးအားထားရသော မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာစေရန်နှင့် အထွက်နှုန်းတိုးတက်ရရှိနိုင်စေရန်အတွက် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးရာသီမှစတင်ပြီး ရာသီအလိုက် သီးနှံစိုက်ပျိုးချိန် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် အထူးဇုန်များသတ်မှတ်ပြီး သီးနှံမျိုးစေ့များကို အခမဲ့ ဖြန့်ဖြူးပေးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဆီထွက်သီးနှံ မကွေးအထူးဇုန်-၂ တာဝန်ခံထံမှ သိရသည်။

သီးနှံများဖြန့်ဖြူးရာတွင် တိုင်းဒေသကြီးအစီအစဉ်ဖြင့် မကွေးဇုန်-၂ ဧရိယာအတွင်း ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်စိုက်ပျိုးနိုင်ရန်  မြေပဲသီးနှံ မျိုးစေ့များအတွက် မကွေး(၁၆) တင်း ၃၀ ၊ ဗီယက်နမ် ၆၂ တင်း၊ ဆင်းပဒေသာ(၁၁) ၂၆ တင်းနှင့် တွန်တာနီ ၁၂ တင်း၊ စုစုပေါင်း မြေပဲသီးနှံမျိုးစေ့ တင်း ၁၃၀ နှမ်းသီးနှံမျိုးစေ့များအတွက် စမုံနက်နှမ်းမျိုးစေ့ ၄၄ ပြည်နှင့် နေကြာသီးနှံအတွက် ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ စိုက်ဧက ၁၅၀ စာကို အခမဲ့ ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း၊ ထို့အတူ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများရယူပြီး ဆောင်ရွက်နိုင်ရန် လုပ်ထုံးထုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးဇုန်-၂ ဧရိယာအဖြစ် ဆီထွက်သီးနှံများကို မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်၌ ၂၄၉၂၀၀ ဧက၊ သရက်ခရိုင်အတွင်းရှိ မြို့နယ် (၄)မြို့နယ်၌ ၁၀၇၄၀၀ ဧက စုစုပေါင်း ၃၅၆၆၀၀ ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မကွေးဇုန်-၂ ဧရိယာအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူပညာပေးဆွေးနွေးပွဲများကို ၂၀၂၄ ခုနှစ် မတ်လမှစတင်ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)ပညာပေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ခရိုင်ပညာပေးအဖွဲ့များက သတ်မှတ်ထားသော ဒေသများအလိုက် သွားရောက်ကွင်းဆင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မိုးနှမ်းစိုက်တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ရရှိနိုင်စေရေးအတွက် မြေယာများကို စနစ်တကျပြုပြင်စိုက်ပျိုးရေးနှင့် တစ်ဧက သတ်မှတ်အပင်ရေအတွက် ပြည့်မီစေရေးကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများမှ လက်တွေ့ကွင်းဆင်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆီထွက်သီးနှံ မကွေးအထူးဇုန်-၂ တာဝန်ခံ ဦးသိန်းနိုင်ဝင်းက ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် အထွက်နှုန်းတိုးတက်ရရှိရေးအတွက် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ မကွေးခရိုင်အတွင်းမှ (၄)မြို့နယ်၊ ချောက်ခရိုင်အတွင်းမှ (၂)မြို့နယ်၊ အောင်လံခရိုင်အတွင်းမှ (၂)မြို့နယ်ကို အထူးဇုန်-၁ ဟုလည်းကောင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မင်းဘူးခရိုင်အတွင်းမှ (၅)မြို့နယ်နှင့် သရက်ခရိုင်အတွင်းမှ (၄)မြို့နယ်ကို အထူးဇုန်-၂ ဟုလည်းကောင်း အသီးသီးခွဲခြားသတ်မှတ်ထားကြောင်း၊ အဆိုပါ အထူးဇုန်-၁ နှင့် အထူးဇုန်-၂ ရှိ စိုက်ဧရိယာများ၌ ယခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ ဧကပေါင်း ၁၃၄၇၈၈၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)